ပြုစားခံရတာလား စိတ်ဖောက်ပြန်နေတာလား
အရပ်ထဲမယ် စုန်းတိုက်၊ နတ်တိုက်၊ ပြုစားခံရတယ်ဆိုတဲ့ ပြောစကားမျိုးကို လူတိုင်းနီးပါး ကြားဖူးကြမယ်ထင်ပါတယ်။ ယုံကြည်မှုအမျိုးမျိုးရှိတဲ့ ဒီလောကထဲမှာ ဓလေ့ထုံးတမ်းတွေ၊ ခံယူချက်တွေနဲ့ ယုံကြည်မှုတွေကြောင့် တခါတလေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို မမြင်နိုင်တဲ့ အမှောင့်ပယောဂတွေကြောင့်ဆိုပြီး မှားယွင်းတဲ့ အယူအဆတွေနဲ့ ချဉ်းကပ်ကုသကြတာမျိုးတွေ မကြာခနဖြစ်ပေါ်လေ့ရှိတာမျိုးလည်း မြင်သိကြားရပြန်ပါတယ်။
ဒီလိုဖြစ်ရပ်မျိုးတွေဟာ မြန်မာပြည်မှာသာမကပါဘူး၊ ခေတ်မှီတိုးတက်လှပါတယ်ဆိုတဲ့တိုင်းပြည်တွေမှာတောင် ရှိတတ်ပါတယ်။ ဒါကြောင့်လဲ စိတ်ဝေဒနာခံစားနေရသူတစ်ချို့ဟာ မိသားစုဝင်တွေရဲ့ မှားယွင်းတဲ့ ယုံကြည်ချက်တွေကြောင့် နည်းမှန်လမ်းမှန်နဲ့ ကုသမှု မခံယူကြရရှာတာကို လေ့လာတွေ့ရှိထားရပါတယ်။
အမေရိကန်ပြည်ထောင်စုလို တိုင်းပြည်မျိုးမှာတောင် လူဦးရေတစ်ဝက်လောက်ဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေအပေါ် စွဲလမ်းယုံကြည်မှု မြင့်မြင့်မားမားရှိနေပြီးတော့ တစ်ချို့သော စိတ်ရောဂါဆိုင်ရာပြဿနာတစ်ချို့ကို ပယောဂပြဿနာ၊ ဘီလူးစီးတာ၊ အောက်လမ်းအတတ်နဲ့ ပြုစားခံရတာ၊ သဘာဝလွန်ကိစ္စရပ်တွေ ဖြစ်ပျက်နေတာလို့ ယုံကြည်ခြင်းခံနေရပါတယ်။
ဒီပြဿနာမှာ ၂ ပိုင်းရှိပါတယ်။ တစ်ပိုင်းက ပတ်ဝန်းကျင်နဲ့ မိသားစုအသိုင်းအဝိုင်းတွေရဲ့ ယူဆချက်တွေပါ။ နောက်တစ်ခုကတော့ ကာယကံရှင်ကိုယ်တိုင်ပါပဲ။
ပထမတစ်ချက်က ပတ်ဝန်းကျင်နဲ့ မိသားစုဝင်တွေ မှားယွင်းယုံကြည်နေမိတာမျိုးပါ
မြင်သာတဲ့ ဥပမာတစ်ခုပေးပါ့မယ်။ တစ်ချို့သော မိန်းကလေးငယ်လေးတွေဟာ အပျိုဖော်ဝင်စချိန်တွေမှာ ပုံမှန် မီးယပ်သွေးမဆင်းရင် စိတ်ကစဉ့်ကလျားဖြစ်တတ်ကြပါတယ်။ ပုံမှန်သွေးဆင်းချိန်မှာတောင် စိတ်မတည်မငြိမ်ဖြစ်တတ်တာမို့ သွေးမဆင်းတာကြာရင်၊ ဒါမှမဟုတ် ပုံမှန်မဟုတ်ပဲ သွေးမဆင်းရင် ခုလို ပြဿနာမျိုးကြုံရနိုင်ပါတယ်။ လူတိုင်းမဟုတ်ပေမယ့် တစ်ချို့တွေပေါ့လေ။ ဒီလိုပြဿနာမျိုးကြုံတဲ့အခါမျိုးမှာ မြန်မာ့အသိုင်းအဝိုင်းမှာ မီးယပ်သွေးမဆင်းတာကြောင့် ခုလိုဖြစ်ရတယ်၊ ဒီလိုမဆင်းရင် သားအိမ်ထဲမှာ သွေးတွေခဲနေတတ်တယ်၊ အပမှီတာ၊ ပြုစားခံရတာ စသဖြင့် အမျိုးမျိုး သတ်မှတ်ကြတာမျိုးတွေ ကြုံရဆုံရဖူးပါတယ်။
ဒါက ဥပမာတစ်ခုဖြစ်ပြီး ခုလို လွဲမှားတဲ့အယူအဆတွေနဲ့ မှားယွင်းစွာကုသဖို့ ကြိုးပမ်းနေတဲ့ မိသားစုဝင်တွေ အသိုင်းအဝိုင်းတွေ ခုချိန်ထိ အများအပြားရှိနေကြပါသေးတယ်။ ပြီးတော့ ဒီလိုကိစ္စမျိုးကို အမျိုးသမီးတွေက အမျိုးသားတွေထက် အဆိုပါကိစ္စတွေနဲ့ ပိုမိုကြုံရနိုင်ပါတယ်။ ယုံကြည်မှုလည်းပိုများပါတယ်။ အမျိုးသားအများစုဟာ အဆိုပါကိစ္စတွေကို စိတ်ပိုင်းဆိုင်ရာပြဿနာတွေအဖြစ် လက်ခံဖို့ လွယ်ကူကြပေမယ့် အမျိုးသမီးတွေကတော့ လက်ခံရခက်ခဲတတ်ကြပါတယ်။ ဒါကြောင့် အမျိုးသမီးတွေဦးဆောင်တဲ့ အသိုင်းအဝိုင်းတွေမှာ ကြီးပြင်းလာပြီး အထက်ပါပြဿနာမျိုးတွေ ကြုံဆုံရမယ်ဆိုရင် မှားယွင်းတဲ့နည်းလမ်းတွေနဲ့ ကုသခံရဖို့ ပိုမိုနီးစပ်လေ့ရှိပါတယ်။
နောက်ထပ်တစ်ချက်ကတော့ ကာယကံရှင်ကိုယ်တိုင် ယုံမှားလွန်နေတာပါပဲ
ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ ပယောဂ ဒါမှမဟုတ် သဘာဝလွန်ပြဿနာတွေလို့ ယူဆခံရတဲ့ စိတ်ကျန်းမာရေး ပြဿနာတစ်ချို့ရှိနေပါသေးတယ်။ ဒီလိုကိစ္စမျိုးတွေမှာတော့ ကာယကံရှင်ကိုယ်တိုင်က အဆိုပါကိစ္စတွေကို အလွန်အမင်း ယုံကြည်ယူဆနေတာမျိုးဖြစ်တတ်ပါတယ်။
ခုလိုယုံမှားမှုတွေကို ဖြစ်ပေါ်စေတဲ့ နောက်ကွယ်က စိတ်ဝေဒနာတွေကတော့ …
- အယူသီးခြင်းနဲ့သက်ဆိုင်တဲ့ စိတ်ဝေဒနာ - ဒါကတော့ ကြောင်နက်တွေကို ရှောင်တာ၊ ၁၃ ဂဏန်းကို ကြောက်တာ၊ သစ်သားကို ခေါက်ရင် ကံကောင်းဘူးလို့ ယုံကြည်တာ၊ ဗေဒင်ယတြာတွေကို အလွန်အမင်း အားကိုးယုံကြည်နေတာ၊ သရဲ တစ္ဆေ စုန်းစတာတွေကို အလွန်အမင်း ကြောက်ရွံ့နေတတ်တာမျိုးတွေပေါ့။
- သောကဗျာပါဒများမှုနှင့်သက်ဆိုင်တဲ့ စိတ်ဝေဒနာ - ဒီပြဿနာဟာ Anxiety Disorder အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ တကယ့်အခြေခံ အကြောင်းအရင်းကတော့ လူတွေဟာ သေချာ နားလည်ဘောပေါက်နိုင်စွမ်းမရှိတဲ့ ကိစ္စတွေအပေါ် သံသယလွန်ကဲပြီး ကြောက်ရွံ့စိတ်ဖြစ်ပေါ်တတ်တဲ့ သဘာဝရှိတာမို့ပါပဲ။ ဥပမာပေးရရင် သရဲအလွန်ကြောက်တတ်သူတစ်ယောက်ဟာ ညအချိန်မတော် တစ်ဦးတည်းရှိနေချိန်တွေတိုင်းမှာ သရဲခြောက်ခံရတော့မယ်လို့ စိုးရိမ်မိနေပြီး အလိုလို စိတ်ခြောက်ခြားနေတတ်တာမျိုး ဖြစ်ပါတယ်။ သူဘာကြောင့် သရဲကြောက်နေတာလဲဆိုတာကို ရှင်းပြဖို့တော့ ခက်ခဲနေတတ်ပါတယ်။
- အစွဲလန်းလွန်စိတ်ဝေဒနာ - တစ်ခါတစ်ရံမှာ အစွဲလန်းလွန်စိတ်ဝေဒနာ (Obsessive Compulsive Disorder) ခံစားနေရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ OCD လူတွေရဲ့ အတွေးအခေါ်တွေ အပြုအမူတွေကို တိုက်ရိုက်သက်ရောက်တဲ့ စိတ်ရောဂါ တစ်မျိုးပါ။ ထိတ်လန့်ဖွယ် ပုံရိပ်တွေ မြင်ယောင်နေတတ်တာ၊ မကောင်းတဲ့ ကိစ္စတွေဖြစ်လာတော့မယ်လို့ တွေးတော့နေမိတာ၊ အညစ်အကြေးတွေ၊ ရွံရှာစက်ဆုပ်ဖွယ်အရာတွေကို အလွန်အကျွံ စိုးရိမ်ပူပန်တတ်တာ၊ တစ်ခုခုကို အထပ်ထပ်အခါခါပြုလုပ်တတ်တာမျိုး လက္ခဏာတွေပြသတတ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့ စိတ်ဝေဒနာတွေဟာ မသိမသာရော သိသိသာသာပါ လူတွေမှာ ကပ်ငြိနေနိုင်ပါတယ်။ ဒါပေမယ့် လူအတော်များများကတော့ ဒီအရာတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေလို့ နားလည်သဘောပေါက်ထားကြခြင်းမရှိကြပါဘူး။ စစ်မှန်တဲ့ ဆန်းကျယ်ဖြစ်ရပ်တွေ၊ ခြောက်ခြားဖွယ်ကိစ္စတွေလို့ ယုံကြည်နေတတ်ကြပါတယ်။ စိတ်ဝေဒနာဆိုတာထက်၊ စုန်း ပယောဂ၊ တစ္ဆေသရဲပြဿနာတွေလို့ မှတ်ယူနေကြတာများပါတယ်။ အကြံပေးချင်တာကတော့ မှားယွင်းတဲ့ ယုံကြည်မှုတွေထက် သင့်တော်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုခံယူဖို့အတွက် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်တာကသာ ရေရှည်မှာ စိတ်ကျန်းမာမှုမျိုး ရနိုင်ဖို့ ကူညီပေးနိုင်မှာဖြစ်ပါတယ်ဆိုတာပါပဲ။